ကိုအောင်ပြည့်စိုးလာတုန်းက ကျွန်တော်တို့ စကာင်္ပူမှာလက်လှမ်းမှီတဲ့ သူတွေကို ကို K.Z.Myo က လူစုပြီးပလောအူ ပင်ကို ပုံရိုက်ထွက်ခဲ့ကြတယ်။ မော်တော်ဘုတ်လေးတစ်စင်း စင်းလုံးငှားပြီးသွား ခဲ့ကြပါတယ်။ ပလောအူပင်ဆိုတာဟာ စင်္ကာပူရဲ့မြင်နေကျ မြင်ကွင်းတွေရဲ့ ဆန့်ကျင်ဘက် အိမ်ကြီးကြီးမရှိ ၊အိမ်ကောင်းကောင်းမရှိတဲ့ က မြင်နေကျ စကာင်္ပူနဲ့လုံးဝမတူဘဲလုံးဝ ကွာခြားနေတာကိုတွေ့ခဲ့ပါတယ်။ သြော် ဒါစင်္ကာပူလားလို့ပြတာတောင်မှ ယုံနိုင်ဖို့တော်တော် ခက်ခဲပါတယ်။ အမြဲတမ်းသစ်လွင်နေတဲ့ စင်္ကာပူလိုမြို့မှာ သည်လိုနေရာရှိနေသေးလားဆိုတဲ့မေးခွန်းထွက်လာရင်၊ ဟုတ်ကဲ့ရှိနေသေးပါတယ် လို့ဖြေရမှာပါဘဲ၊ ခရီးရဲ့အစ ပထမဆုံး သတိထားမိလိုက် တာက တရုတ် အဖိုးကြီးမောင်းတဲ့ ဟောင်းနွမ်း နေနဲ့ မော်တော်လေးရဲ့ Cabin ပါဘဲ။ အန်းကုံးရုပ်ထုလေးရယ် ၊ငယ်စဉ်က ရထားတာလို့ထင်ရတဲ့ ဆုတံဆိပ် အဟောင်းလေးရယ်နဲ့ အိုမင်းရင့်ရော်စပြုနေတဲ့ ရေနွေးကြမ်းခွက်ဟောင်းလေးဟာ မော်တော်သမား အဖိုးကြီးရဲ ဘ၀တစ်စိတ်တစ်ဒေသကိုများ ဖော်ပြနေသလားလို့ထင်မိပါတယ်။နုပျိုစဉ်ကအောင်မြင်မှု့တွေကို သူဖက်တွယ်ထားရင်း အားပြုရင်းက အတွင်းစိတ်တွေများ သန်မာတက်ကြွနေလို့သည်လောက်သန်မာနေသလားလို့ တောင်ကျွန်တော် ထင်မိပါတယ်။ အပြုံးခပ်သောသောနဲ့ နုတ်ဆက်တတ်တဲ့သူဟာ ရိုးသားစွာ လူ့ဘ၀ရဲ့ အခက်အခဲအမျိုးမျိုး ကိုကျော်ဖြတ်နေပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ပန်းချီကားဆန်လွန်းတဲ့ သူ့ဟောင်းနွမ်နေတဲ့ Cabin ခန်းလေးဟာ ကျွန်တော့်လက်က ကင်မရာခလုပ်ကိုမနှိပ်ဘဲ မနေနိုင်အောင် စွဲဆောင်အားကြီးမားနေတယ်ဆိုတာကိုကျွန်တော်သည်ပုံလေးနဲ့ဝင်ခံပါရစေ။
No comments:
Post a Comment