Friday, September 17, 2010
ကျွန်တော်ကြောက်သော အချစ်အကြောင်း
ချစ်ခြင်းသည် တေးသွားတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုလျှင် ကျွန်တော်ဟာ တူရိယာတီးခတ်သူ အတီးသမား သက်သက် သာဖြစ်ပါသည်။သံစဉ်နှင့်မယဉ်ပါး တီးကွက် မရခဲ့စဉ်အခါ အစိမ်းသက်သက်ဖြစ်လေတော့ အထားအသိုမညီ လက်သံမပြီဘဲ အရိုင်းအစိုင်းတေးတစ်ပုဒ်လို တီးမိကောင်းတီးမိခဲ့ပါလိမ့်မည်။ အချိန်ကာလ ကြာလာသည်နှင့် အမျှ တေးသွားနဲ့ယဉ်ပါး ကြားရသူတိုင်းအတွက်သာယာဆွတ်ပျံ့ ဖွယ် ညနေခင်း သံစဉ်တစ်ပုဒ် လိုအေးမြစေခဲ့ ပါသည်။
ကျွန်တော် အချစ်ဆိုသည့်အရာအား နားလည်ရန်အလွန်ခက်ခဲခဲ့ပါသည်။ ငယ်စဉ်က အရှင်သခင်လို့ ယုံကြည် ကိုးစား မိခဲ့သလို အချိန်နည်းနည်းရလာတော့ လည်း လက်တွဲဖော် မိတ်ဆွေကောင်း တစ်ယောက်လို မြင်လာ ပြန်ပါရော။ အခုကော.. ? အခုတော့အချစ် ဆိုသောအရာသည် သားသမီးတစ်ယောက်လို တယုတယ ပြုစု ပျိုးထောင် နေမိပြန်ပါသည်။အချစ်ဆိုသောအရာနှင့်အတူ သီချင်းများ ဟစ်အော်ခဲ့ဘူးပါသည်။ အရက်ဆိုင်လဲ အတူထိုင်ခဲ့ဘူးပါသည်။ သို့ဆိုခဲ့ပါသော် သူနှင့် အတူ ပူလောင်ခြင်း ၊ အေးမြ ခြင်း၊ ကြည်နူးခြင်း ၊ လွမ်းမောခြင်း ပြဇတ်တစ်ပုဒ်ကို ပရိတ်သတ်ရှေ့ ချပြခဲ့သော ရင်သတ်ရှူ့ မောဖွယ်ရာ အခန်းဆက်ပြဇတ်ရှည်တစ်ပုဒ် ဖြစ်ခဲ့သည် ဟုဆိုရပါတော့မည်။
ကဲ .ဒါဆိုလျှင် အချိန်တွေနှစ်တွေကြာလာတော့ အချစ်ဆိုတာ ပျောက်ပျက်အေးခဲသွားပြီလား? မဟုတ်ခဲ့ပါ ...။ ဘ၀အစက ရေလမ်းခင်း မြစ်သစ်တစ်စင်းလို့ အဟုန်နဲ့ တွန်းတိုက်စီးဆင်းရာကနေ ပုံစံပြောင်းလဲခဲ့ပါပြီ။ သွေးဆူ ချေဖျက်လွယ် မြစ်ကြမ်းတစ်စင်းအနေကနေ ခမ်းနား ရင့်ကျက်စွာ မြစ်ယဉ်တစ်စင်းအနေနဲ့ ကျွန်တော့် ရင်မှာ စီးဆင်းနေခဲ့ပါပြီ။
နွေသည်လဲ အေးမြနိုင်ခဲ့ပါပြီ ဆောင်းတွင်လဲ နွေးထွေးနိုင်ခဲ့ပါပြီ။ ဘ၀စာသင်ခန်းအိုတစ်ခုရဲ့ အခန်းထောင့် တစ်နေရာ က ကျောင်းသားသစ်တစ်ယောက် အနေနဲ့ကနေ ထိန်းမပံ့ပိုးနိုင်စွမ်းတွေ ရရှိခဲ့ပါပြီ။ ငယ်ရွယ် ပြေးလွှား ဆော့ကစားတတ်တဲ့ကလေးတစ်ယောက် ကြီးပြင်း ရင့်ကျက်ခဲ့ပါပြီ။
ကျွန်တော့် ထင်မြင်ယူစချက်တွင် ထိုသူသည်နှင်းဆီပန်းများအား မြတ်နိုးတတ်သူတစ်ယောက် ဟုဆိုခဲ့သော် မိမိဆုပ်ကိုင်ထားသော နှင်းဆီပန်းတစ်ပွင့် အားလဲ တန်ဖိုးထား တွယ်တာမိပါလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ဆုပ်ကိုင် ထားသော နှင်းဆီပွင့်ငယ်ရှိပါလျှက်နှင့် အခြားသော နှင်းဆီပွင့်များအား လိုချင်တက်မက်မိ ဖြစ်နေသည်ဆိုပါက။ ထိုသူသည် နှင်းဆီပန်းအား အမှန်တကယ် မမြတ်နိုး တတ် ၊ မနှစ်သက်တတ်သေးသောကြောင့် ပင်ဖြစ် ပါလိမ့် မည်။ အဝေးတွင်ရှိနေသော အရာများထက် လက်တွင်းရှိ နှင်းဆီပွင့်ငယ်အား မြတ်နိုးခုံမင်နှစ်သက်မိခြင်းသည်။ နှင်းဆီးပန်းများ၏ ဂုဏ်ပြုခြင်း ကိုခံရသကဲ့သို့ အချစ်ဆိုသောအရာအား တွေ့ရှိခြင်းလို့လဲ သတ်မှတ်မိကောင်းပါ လိမ့်မည်။
လောကသည် လေထန်ပါသည် ။ ကြမ်းတမ်းလွန်းလှပါသည်။ လျောက်နေဆဲ မပြီးဆုံးသေးသော လမ်းတစ်ကွေ့ သို့မရောက်မီပင် ပျက်စီးပျောက်ကွယ် လွယ်လှပါသည်။ ပိုးအိမ်ကဲ့သို့ နုညံသိမ်မွေ့လွန်းလှပါသည်။ တစ်ခါတစ်ခါ စဉ်းစားမိပါက ကျွန်တော်ရင်နင့်မိပါသည်။ ဘယ်သောအချိန် ဖြတ်ခနဲ့ ရပ်တန့်သွား မည်မသိသောလမ်းတွင် ချစ်သူနှင့်ယှဉ်တွဲလျှောက်နေရသော ဘ၀အခိုက်အတန့်လေးအတွင်း ချစ်သောသူပျောက်သွားမှာကို စိုးရိမ် လွန်းလှပါသည်။ ကျွန်တော်သည်လဲ ချစ်သူနှင့်အတူ ဆက်မလိုက်နိုင်ဘဲ လမ်းတစ်ဝက်တွင် ရပ်တန့် ပျောက် ကွယ်သွားမှာ တွေးပူမိပါသည်။ သို့ပေမယ့် မတတ်နိုင်ပါ .. တချိန်တစ်ခါသို့ရောက်လာလျှင်ဖြင့် ခွဲခွာထား ရစ်ခဲ့ရပေဦးမည်။ “အိပ်ယာထက် ခေါင်းဦး တစ်လုံးသာကျန်ရစ်သော” အိပ်ယာဝင်ချိန်တွေ တွေ့ကြုံ လာရပါဦးမည်. ပူလောင်လွန်းလှပါ၏။ ငိုချင်လွန်းလှပါသည်။ ထိုသို့သော အခါတွင် အထီးကျန်ဖြစ်ကျန်ခဲ့သဖြင့် ဟု မဆိုနိုင်သကဲ့သို့ ကျွန်တော်သည်လဲ စွန့်ခွာသွားရသူ ဖြစ်ကောင်းဖြစ်နိုင်သူမဟုတ်ပါလား။ မမြင်နိုင်ပါ။ မသိနိုင်ပါ။
အချစ်သည်.. နာကျဉ်ခံစားမှု့များအား ပေးလွယ်သလို၊ ချစ်လွန်းသဖြင့် ရင်ခုန်ရလျှင်လဲ နှလုံးသား အနားစပ် နံရံလေးများ တဆစ်ဆစ်ခါအောင် တဖျစ်ဖျစ်မြည် သကဲ့သို့ ချစ်ခြင်းအရသာကို နှစ်နှစ်ကာကာ ခံစားဖူးကြပါ လိမ့်မည်။ ကျွန်တော်ကတော့ ခံစားနေရ မြဲဖြစ်ပါသည်။
တိုးတောင်းလွန်းလှသော အချိန်အတွင်း တွင် နာရီလည်ပတ်မှု့ကလဲ မြန်ဆန်လွန်းလှပါ ၏။ ထိုဘ၀တစ်ကွေ့ ခဏတာ ရှိနေရခိုက်လေးတွင် လက်တွင်းမှ ကျွန်တော့် ပန်းလေးတစ်ပွင့်ကိုမြတ်နိုးယုယစွာဖြင့် မြစ်ယဉ်တစ်စင်း လိုထာဝရ ငြိမ်းသက်အေးချမ်းစွာ.။ ဆွတ်ပျံ့ ဖွယ် ညနေခင်းတေးသွားနရီကြားမှာ နှစ်ဦးသား ရှိနေခိုက်လေး ချစ်နေ ရင်းက လမ်းလေးဆုံးသွားမည့်အချိန်ကို စိုးတထိတ်ထိတ် တိုးတိတ်ကြေကွဲစွာ ကြောက်လန့်နေရပါတော့သည်။
နိုင်ထွန်းလွင်
၁၇။၀၉။၂၀၁၀
1:30am
Subscribe to:
Posts (Atom)